Tuesday, August 5, 2008

မဲခေါင်ဒေသနိုင်ငံများ သတင်းအချက်အလက်ဆက်သွယ်ရေး အမြန်ဆက်ကြောင်း တည်ဆောက်ရေးအဖွဲ့စည်းဝေး

မဲခေါင်ဒေသ ခြောက်နိုင်ငံဖြစ်သော မြန်မာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ပါဝင်တက်ရောက်သော (၇)ကြိမ်မြောက် မဲခေါင်ဒေသနိုင်ငံများ သတင်းအချက်အလက်ဆက်သွယ်ရေး အမြန်ဆက်ကြောင်း တည်ဆောက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (GMS Information Superhighway Implementation Group Meeting No.7) ကိုဇူလိုင် ၃၀ရက်တွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပရာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်ပေးသည်။ အစည်းအဝေးတွင် မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံအကြား မြန်နှုန်းမြင့် သတင်းအချက်အလက်ဆက်သွယ်ပေးပို့ ဖလှယ်နိုင်မည့် နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းများ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအမံများ၊ အဆိုပါဆက်ကြောင်းများ ဖွင့်လှစ်လိုက်ခြင်းပေါ်မှ ရရှိလာမည့် ဒေသတွင်း ပြည်သူတို့၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေတို့ကို သုံးသပ်ဆွေးနွေးကြသည်။
မဲခေါင်ဒေသ သတင်းအချက်အလက် ဆက်သွယ်ရေး အမြန်ဆက်ကြောင်း စီမံကိန်းအရ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းကို ၂၀၀၈ ခုနှစ် မတ် ၁၂ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါဖိုက်ဘာဆက်ကြောင်းပေါ်မှ Bandwidth Capacity 10 Gb (STM-64) နှင့် အရန်အနေဖြင့် Micro Link ပေါ်တွင်2.5 Gb(STM-16) ဖြင့် အသုံးပြုနိုင်ပြီဖြစ်ကြောင်းနှင့် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းကို တာချီလိတ်မယ်ဆိုင်ဆက်ကြောင်းမှ တစ်ဆင့်အသုံးပြုနိုင်ပြီဖြစ်ရာ မြဝတီမဲဆောက်ဆက်ကြောင်းကို မကြာမီ ဖွင့်လှစ်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: