ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးချုပ်သိန်းဇော်သည် သြဂုတ်၁၀ရက်က ကချင်ပြည်နယ် ဗန်းမော်မြို့ ကွန်ပျူတာတက္ကသိုလ်၌ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်အားပေးသည်။ရှေးဦးစွာ ဗဟိုအတွင်းရေးမှူးက လူမှုရေး အသင်းအဖွဲ့ဝင်များအား စိုက်ပျိုးမည့် ပျိုးပင်များကို ပေးအပ်သည်။
ကြည့်ရှုအားပေး
ဆက်လက်၍ ဗဟိုအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပျိုးပင်များကို စတင်စိုက်ပျိုးပေးကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက သစ်ပင်များကို စိုက်ပျိုးကြပြီး ဗဟိုအတွင်းရေးမှူးသည် သစ်ပင်များစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။ စိုက်ပျိုးသည့် အပင်များမှာ ခရေ၊ တမာ၊ ပိတောက်၊ ပျဉ်းကတိုးနှင့် ယမနေပင်တို့ဖြစ်ပြီး အပင်စုစုပေါင်း ၁၀၀၀ကို စိုက်ပျိုးပေးကြသည်။
တွေ့ဆုံ
ထိုမှတစ်ဆင့် ဗဟိုအတွင်းရေးမှူးသည် မိုးမောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး၌ မိုးမောက်မြို့နယ်မှတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကြည့်ရှု့စစ်ဆေး
ဆက်လက်၍ ဝန်ကြီးသည် မိုးမောက်မြို့ အော်တိုအိတ်ချိန်းတည်ဆောက်ရေး စီမံကိန်းအတွက် ဝန်ထမ်းများ၊ မြို့တွင်းကေဘယ်လ် သွယ်တန်းဆောင်ရွက်နေမှုများကို ကြည့်ရှု၍ မိုးမောက်မြို့အိတ်ချိန်းရုံးတွင် အသစ်တပ်ဆင်လျက်ရှိသည့် အော်တိုအိတ်ချိန်းပစ္စည်းများကို ကြည့်ရှု့စစ်ဆေးကာ ဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
လှူဖွယ်ပစ္စည်းဆက်ကပ်
ထို့နောက် ဗဟိုအတွင်းရေးမှူးသည် မြို့သစ်မြို့ မဟာသဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်သို့ ရောက်ရှိကာ ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဂန္ဓမာအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒေါ့ဖုန်းယန်မြို့အောင်မင်္ဂလာ မြို့ဦးကျောင်းတိုက် ဆရာတော်အား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ယင်းနောက် ဗဟိုအတွင်းရေးမှူးသည် ဒေါ့ဖုန်းယန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေါ့ဖုန်းယန်မြို့ရှိ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းမှတစ်ဆင့် ဗဟိုအတွင်းရေးမှူးသည် နန်ဆန်ယန်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
ထောက်ပံ့ပေးအပ်
ဆက်လက်၍ ဗဟိုအတွင်းရေးမှူးသည် နန်ဆန်ယန်နှစ်ခြင်း ခရစ်ယာန်အသင်းတော်တွင် အသင်းတော်လေးခုမှ သင်းအုပ်ဆရာများ၊ ကျေးရွာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အသင်းတော်လေးခုအတွက် ဆန်။ ဆီများပေးအပ် လှူဒါန်းကာ ကျေးရွာပညာရေးတွင် အသုံးပြုရန်အတွက် စာအုပ်များကိုထောက်ပံ့ပေးအပ်သည်။ ထိုမှတစ်ဆင့် ဗဟိုအတွင်းရေးမှူးသည် ရွှေညောင်ပင်ကျေးရွာကျောင်းတိုက် ဆရာတော်အား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဖွံ့ဖြိုးရေး
ထို့နောက် ရွှေညောင်ပင်ကျေးရွာမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment