ရန်ကိုင်တိုင်း လှိုင်သာယာမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ အလက (၃)တွင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခံစားခဲ့ရသူများအား စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဆရာဝန်အသင်း၏ ကလေးကျန်းမာပညာအဖွဲ့ငယ်ဥက္ကဋ္ဌနှင့် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဦးအေးမောင်ဟန် ဦးဆောင်သော ကလေးအထူးကု ဆရာဝန်ကြီးများ သြဂုတ် ၂ ရက် နံနက် ၉ နာရီက အကြံပေးဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
ကျန်းမာရေးစစ်ဆေး
ကလေးကျန်းမာပညာအဖွဲ့မှ ကလေးအထူးကု ဆရာဝန်ကြီးများသည် လေဘေးသင့်ခံရသည့်ကလေးများအား စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှုအတွက် လိုက်နာရမည့်အချက်များ၊ ဆယ်ကျော်သက်အရွယ်များအတွက် စိတ်ပိုင်းဆိုင်ရာနှင့်လူမှုရေးပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ ကိုဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူလေးများအား ကျန်းမာရေးစစ်ဆေးကာ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဟာရများပေးအပ်
ထို့အပြင် လှိုင်သာယာမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ ( အလက-၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနှင့် ဆရာ၊ ဆရာမများ ပူးပေါင်း၍ နေ့စဉ်ကျောင်းသားတစ်ဦးလျှင် ကယ်လိုရီ ၂၀၀၀ ပါရှိသော အဟာရ ကျွေးမွေးသွားနိုင်ရန် အဆိုပါဆရာဝန်ကြီးများအဖွဲ့က လိုအပ်သော အဟာရများ ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment