Wednesday, August 6, 2008

ရေဘေး၊ လေဘေး အန္တရာယ်နှင့် ကြုံတွေ့ပါက အသုံးပြုနိုင်သည့် လမ်းအဖြစ်သာမက ပင်လယ်ကမ်းခြေသို့ ဆက်သွယ်နိုင်သည့် လမ်းမကြီးအဖြစ် ရည်ရွယ်ဖောက်လုပ်

ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်စောထွန်းသည် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ လိုက်ပါလျက် သြဂုတ် ၁ရက် နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့မှ ထွက်ခွာလာပြီး ပန်းတနော်-အိမ်မဲ-မြောင်းမြလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် အဆိုပါလမ်းပေါ်ရှိ သုံးခွချောင်းတံတား အချောသပ်လုပ်ငန်းများ ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မြောင်းမြမြို့သို့ ရောက်ရှိသည်။
ဝန်ကြီးနှင့်အဖွဲ့သည် သြဂုတ်၂ရက် နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် မြောင်းမြမြို့မှ ထွက်ခွာပြီး မြောင်းမြ- လပွတ္တာလမ်း မိုင်တိုင်အမှတ် (၃၈/ ၂) တွင် လမ်းပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မိုင်တိုင်အမှတ် (၃၀/၅) တွင် လမ်းဘေးရေမြောင်းဖောက်လုပ်ထားရှိမှု၊ စက်ယန္တရားများဖြင့် လမ်းမျက်နှာပြင်ညှိ ဆောင်ရွက်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် ဆက်လက်ထွက်ခွာ၍ လပွတ္တာတံတား (ပင်လယ်လေး) ကြံ့ခိုင်မှု အခြေအနေတို့ကို စစ်ဆေးပြီး လမ်းဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့ (၁၅) လမ်းစခန်းရှင်းလင်းဆောင်သို့ ရောက်ရှိသည်။

ကြိုးစားဆောင်ရွက်

ဝန်ကြီးနှင့်အဖွဲ့အား ရှင်းလင်းဆောင်၌ လမ်းဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့ (၁၅)၊ ဒုတိယ အင်ဂျင်နီယာ မှူးကြီး ဦးဝင်းတင့်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင်ပါဝင်သော လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်း ဖောက်လုပ်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးက လမ်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စက်ယန္တရားများကို လုပ်ငန်းဆောင်ရွက်၍ ရနိုင်သည့်လုပ်ငန်းခွင်များသို့ လိုအပ်သလိုပြောင်းရွှေ့ပြီး မြေကြီးတာပေါင်မြှင့်တင်ခြင်းလုပ်ငန်းကို ကြိုးစားဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက်ဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့မှ ရေယာဉ်များဖြင့် ထွက်ခွာပြီး လပွတ္တာ-သင်္ဃန်းကြီးအပိုင်း လမ်းတာပေါင်တင်လုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မိအူးကျေးရွာသို့ရောက် ရှိကာ ကျေးရွာနေပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မိအူတံတားအနီး ရေဘေးခိုလှုံနိုင်သည့် တောင်ကုန်းငယ် (Hillock) တည်ဆောက်နေသည့်နေရာနှင့် လမ်းတာပေါင်တင် လုပ်ငန်းပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးက လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်းတစ်လျှောက် အနီးဆုံးကျေးရွာများရှိ လိုအပ်သည့်နေရာများ၌ ရေဘေးခိုလှုံနိုင်သည့် တောင်ကုန်းငယ်များ ဆက်လက်ဆောင်ရွက်သွားရန် တာဝန်ရှိသူတို့အား မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ဝန်ကြီးနှင့်အဖွဲ့သည် ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာပြီး ပျဉ်ထောင်ကွင်းရွာ၊ လိပ်ကွင်းရွာ၊ ဥက္ကံကြီးရွာ၊ ကံ ကွင်းရွာ၊ ဇင်ရဲရွာနှင့် သင်္ဃန်းကြီးရွာများ တစ်လျှောက် စက်ယန္တရားများဖြင့် လမ်း ဖောက် လုပ်နေ သည့်လုပ်ငန်းနှင့် နလင်းကျော်ရွာအနီး စက်ယန္တရားများဖြင့် လမ်းတာပေါင် မြှင့်တင်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ် (၁၈/၆) သင်္ဃန်းကြီးရွာ အနီးစက်ယန္တရားဖြင့် လမ်းလုပ်ငန်း ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လပွတ္တာမြို့သို့ပြန်လည်ရောက်ရှိသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံဖြိုး တိုးတက် မှု စီမံကိန်းတွင်ပါဝင်သော ယခုတည်ဆောက်ဖောက်လုပ်နေသည့် လမ်းများသည် ရေဘေး၊ လေဘေးအန္တရာယ်နှင့် ကြုံတွေ့ပါက အသုံးပြုနိုင်သည့် လမ်းအဖြစ်သာမက နောင်တွင် ပင်လယ်ကမ်းခြေ ဒေသများသို့ ဆက်သွယ်သွားလာနိုင်မည့် အဓိကကျသည့် လမ်းမကြီးအဖြစ် လုပ်ပေး နေခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments: