Monday, October 20, 2008

ခေတ်မီပညာသင်ကြားနိုင်မှု အခွင့်အလမ်းကောင်းများရရှိ နည်းပညာရပ်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ဆောင်

ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အိန္ဒိယ-မြန်မာ သတင်းအချက်အလက် နည်းပညာကျွမ်းကျင်မှု မြင့်တင်ရေးသင်တန်းဌာန ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၇ရက်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ ကျင်းပခဲ့ရာ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်ခဲ့ပေသည်။္ပ အိန္ဒိယ-မြန်မာ သတင်းအချက်အလက် နည်းပညာကျွမ်းကျင်မှု မြှင့်တင်ရေးဌာနကို ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာ၁၂ရက်နေ့၌ နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းသတင်းဌာနကို မြန်မာနိုင်ငံတွင် ICT ကဏ္ဍ၌ ကျွမ်းကျင်သူများ ပေါ်ထွန်းလာစေရန်၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကဏ္ဍများတွင်လည်း ခေတ်မီနည်းပညာရပ်များကို ပြည်ထောင်စုအနှံ့ လွယ်လင့်တကူ လေ့လာအသုံးချနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပေသည်။ ဤသင်တန်းဌာနကို ရန်ကုန်၊ မန္တလေးနှင့် ရတနာပုံမြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ စခန်းခွဲ ၁၀ခု၌လည်း တစ်ပြိုင်တည်းဖွင့်လှစ်နိုင်ခဲ့သည်။
ယင်းသို့ဖွင့်လှစ်နိုင်ခြင်းဖြင့် ကမ္ဘာ့အဆင့်မီ နည်းပညာရပ်ကို မည်သူမဆို လေ့လာသင်ကြားနိုင်ခွင့်ရရှိရန် သင်တန်းဌာနများက ခေတ်မီဆက်သွယ်ရေးနည်းပညာများဖြင့် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထိုနည်းပညာများ လေ့ကျင့်သင်ကြားပေးနေသော ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာများကို လက်တွေ့အသုံးချနေသည့် စက်မှုလုပ်ငန်းကဏ္ဍများအကြား ပေါင်းကူးပေးမည့်နေရာသစ်အဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ အဝေးရောက် ကျန်းမာရေးကုသမှုများ၊ အဝေးရောက်သင်ကြားရေး နည်းစနစ်များနှင့် ကျေးလက်ဒေသပါမကျန် ခေတ်မီပညာရေးစနစ်များကို လေ့လာသင်ကြားနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။
အိန္ဒိယ-မြန်မာ သတင်းအချက်အလက် နည်းပညာကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်းဌာနသည် နှစ်နိုင်ငံအကြား ကာလကြာရှည်စွာရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှု၏ အသီးအပွင့်တစ်ခုဖြစ်သည်။ သို့ဖြစ်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် အထောက်အကူဖြစ်စေမည့် လူ့စွမ်းအားအရင်းအမြစ်များကို နိုင်ငံတစ်ဝန်း၌ မွေးထုတ်ပေးနိုင်သည့် အခွင့်အလမ်းကောင်းတစ်ခုကို လူငယ်မောင်မယ်များက အကျိုးရှိရှိ အသုံးချသွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: