Friday, October 17, 2008

ဝါယမစိုက်ထုတ်၍ သဘာဝသယံဇာတများ ထိရောက်စွာ အသုံးချ စားနပ်ရိက္ခာများ ဖူလုံကြွယ်ဝရေး ဝိုင်းဝန်းကြိုးပမ်းစွမ်းဆောင်

ကမ္ဘာ့ပြည်သူများ၏ အသက်ရှင်ရပ်တည်နေနိုင်မှုတွင် အခြေခံအကျဆုံးဖြစ်သည့် စားနပ်ရိက္ခာများ ပြည့်စုံဖူလုံရန် ကြိုးပမ်းအားထုတ်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက အောက်တိုဘာ(၁၆)ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့အဖြစ် သတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားတိုးတက်မှုကို ဖော်ဆောင်ကြိုးပမ်းနေသည့် နိုင်ဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် စားနပ်ရိက္ခာထုတ်လုပ်ရာတွင် ပင်မဖြစ်သည့် ကျေးလက်မခြေခံ လယ်ယာ၊ သားငါး၊ သစ်တောဆိုင်ရာ စီးပွားရေးလုပ်ငန်း၌ ပါဝင်ဆောင်ရွက်နေကြသူများဖြစ်သည်။
လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍသည် တစ်မျိုးသားလုံး၏ စီးပွားရေးဘဝ ခိုင်မာတောင့်တင်းရေး ကြိုးပမ်းရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။
ီနိုင်ငံအတွင်း စိုက်ပျိုးနိုင်သည့် မြေဧရိယာ ၁၈သန်းအနက် တိုးချဲ့စိုက်ပျိုးနိုင်မည့် မြေဟတ်တာ ခုနစ်သန်းခန့် ရှိနေ၍ မြေသယံဇာတ အရင်းအမြစ်များကို တိုးချဲ့အသုံးချနိုင်ပေသည်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖွင့်ပေးနေပြီး တိုင်းရင်းသားလုပ်ငန်းရှင်များ လယ်ယာကဏ္ဍ၌ လက်တွဲပါဝင်လာကြသည်။
စိုက်ပျိုးရေးအတွက် ရေလုံလောက်စွာ ရရှိနိုင်ရန် ရေရှားပါးသောဒေသများတွင် ဆည်တမံများ တည်ဆောက်ပေးခဲ့ရာ ယနေ့အထိ ဆည်တမံ ၂၁၅ တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တည်ရှိပြီး သယံဇာတစွမ်းအားစုများကို ပြည်သူများအကျိုးအတွက် ဆောင်ရွက်ရာ၌ သားငါးနှင့် ရေသယံဇာတလုပ်ငန်းသည်လည်း ပဓာနကျသည့်အခန်းကဏ္ဍအဖြစ် ရပ်တည်နေပြီး သားငါး၊ ပုစွန်၊ ရေသယံဇာတများ သုံးစွဲနိုင်ရန် အခြေအနေကောင်းများ ဖြစ်ထွန်းလျက်ရှိသည်။
သစ်တောကဏ္ဍတွင်လည်း ရေရှည်ထိန်းသိမ်းမှု၊ ပြန်လည်စိုက်ပျိုးမှုတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မှုကြောင့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။
သို့ဖြစ်ပေရာ မြန်မာနိုင်ငံသည် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန်မျှတသည့် အခြေခံကောင်းများ ဖြစ်ထွန်းတည်ရှိပြီးဖြစ်ရာ တိုင်းရင်းသားပြည်သူများအပိုင်းက လုံ့လ၊ ၀ီရိယ စိုက်ထုတ်ကာ ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက စားနပ်ရိက္ခာများ ပိုမိုကြွယ်ဝလာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: