Wednesday, January 7, 2009

စိုက်ပျိုးမြေဧက၁၀၀၀ကိုအကျိုးပြုလျက်ရှိသည့်ဘားလားစံပြလယ်ယာလျှပ်စစ်ရေတင်စီမံကိန်း



လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်(၅)ရပ်အနက်မှ ကျေးလက်ဒေသ ရေရရှိရေးကို လက်တွေ့အကောင်အထည်ဖော်သည့်အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များတွင် လျှပ်စစ်ရေတင်စီမံကိန်းနှင့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဘားလားစံပြလယ်ယာ လျှပ်စစ်ရေတင် စီမံကိန်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။
ဘားလား(၁) စံပြလယ်ယာ လျှပ်စစ်ရေတင်စီမံကိန်းကို ၂၀၀၄ခုနှစ် ဒီဇင်ဘာ ၁ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ၂၀၀၅ခုနှစ် ဖေဖော်ဝါရီ ၂၇ရက်တွင် စီမံကိန်းပြီးစီးခဲ့သည်။ဘားလား(၁) စံပြလယ်ယာ လျှပ်စစ်ရေတင်စီမံကိန်းသည် မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမအနီး ရန်ကုန်-မန္တလေးလမ်းဘေးတွင် တည်ရှိပြီး ငမိုးရိပ်ဆည်ရေပေး တူးမြောင်းမှ ရေအရင်းအမြစ်ကို အသုံးပြု တည်ဆောက်ထားခြင်း ဖြစ်သည်။
ဘားလား(၁)စံပြလယ်ယာ လျှပ်စစ်ရေတင်စီမံကိန်းသည် ရေတင်အမြင့် ၁၀ပေ၊ ရေတင်အဆင့်တစ်ဆင့်၊ ရေတင်စနစ် Fixed Type၊ မြောင်းမကြီး အလျားပေ ၂၅၀၀၊ လက်တံမြောင်းများပေ၁၃၀၀၀၊ တူးမြောင်းအဆောက်အအုံ ၄၆ခု၊ ရေစုပ်စက်မော်တာ 40HP(30)KW နှစ်စုံပါဝင်ပြီး စိုက်ပျိုးမြေဧက ၃၀၀ကို အကျိုးပြုလျက်ရှိသည်။

ဘားလား(၂)

ဘားလား(၂)စံပြလယ်ယာ လျှပ်စစ်ရေတင်စီမံကိန်းကို ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ၂၀၀၅-၂၀၀၆ဘဏ္ဍာနှစ်တွင် စီမံကိန်း ပြီးစီးခဲ့သည်။ဘားလား(၂)စံပြလယ်ယာ လျှပ်စစ်ရေတင်စီမံကိန်းသည် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းမဘေးတွင် တည်ရှိပြီး ငမိုးရိပ်ဆည် ဘားလားတူးမြောင်းသစ်မှ ရေအရင်းအမြစ်ကို အသုံးပြု၍ တည်ဆောက်ထားခြင်း ဖြစ်သည်။
ဘားလား(၂)စံပြလယ်ယာ လျှပ်စစ်ရေတင်စီမံကိန်းသည် ရေတင်အမြင့်၁၅ပေ၊ ရေတင်အဆင့်တစ်ဆင့်၊ ရေတင်စံနစ် Fixed Type၊ မြောင်းမကြီးအလျားပေ ၁၀၀၀၀၊ လက်တံမြောင်းများ ပေ၁၉၀၀၀၊ တူးမြောင်းအဆောက်အအုံ ၅၂ခု၊ ရေစုပ်စက်မော်တာ 30HP(22)KW သုံးစုံ ပါဝင်ပြီး စိုက်ပျိုးမြေဧက ၇၀၀ကို အကျိုးပြုလျက်ရှိသည်။

အောင်မြင်မှုရရှိ

ဘားလား(၂)စံပြလယ်ယာ လျှပ်စစ်ရေတင်စီမံကိန်းတွင် စပါးခွံဓာတ်ငွေ့လောင်စာနှင့် 30HP ဒီဇယ်အင်ဂျင်(Duel Type Engine)ကို တွဲဖက်စမ်းသပ်၍ ရေတင်ခဲ့ရာ အောင်မြင်မှုရရှိနေပြီ ဖြစ်သည်။စပါးခွံဓာတ်ငွေ့လောင်စာ အင်ဂျင်ကို အသုံးပြု၍ ရေတင်သည့်အတွက် ဒီဇယ်ဆီင်္ကုန်ကျနှုံးမှာ သုံးပုံနှစ်ပုံ လျော့နည်းပြီး နွေစပါး တစ်ဧကလျှင် ငွေကျပ် ၁၇၇၃၀သက်သာကြောင်း သိရသည်။
လှည်းကူးမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့မှ နွေစပါးစိုက်တောင်သူများအနေဖြင့် ယခင်က လျှပ်စစ်ဓာတ်အား မရရှိချိန်တွင် ရေမတင်နိုင်၍ (အောင်ရေ မရသဖြင့်)စိုက်ရက်ကို စောင့်ဆိုင်းခဲ့ရခြင်မျိုးရှိခဲ့သော်လည်း ယခုအခါ ဇီဝစွမ်းအင်(စပါးခွံဓာတ်ငွေ့လောင်စာ)ကို အသုံးပြုကာ ရေတင်နိုင်သဖြင့် ရေကို လိုအပ်သည့်အချိန်တွင် လိုအပ်သလောက် ရရှိနေပြီ ဖြစ်သည်။

အကျိုးကျေးဇူး

တောင်သူများအနေဖြင့် နွေစပါးအတွက် အောင်ရေကို အချိန်မရွေး ရရှိနိုင်သကဲ့သို့ စပါးခွံဓာတ်ငွေ့လောင်စာအတွက် လိုအပ်သော စပါးခွံကုန်ကြမ်းကို တောင်သူများထံမှ စီမံကိန်းအရောက် တစ်တင်းလျှင် ငွေကျပ် ၂၀၀နှုန်းဖြင့် ၀ယ်ယူအသုံးပြုလျက်ရှိရာ တောင်သူများ အပိုဝင်ငွေရရှိသည့် အကျိုးကျေးဇူးကိုပါ တစ်ပြိုင်တည်း ခံစားနေကြရပြီ ဖြစ်သည်။
ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနသည် ဇီဝစွမ်းအင်(စပါးခွံဓာတ်ငွေ့လောင်စာ)ဖြင့် ရေတင်ခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုလျက်ရှိရုံသာမက ဇီဝစွမ်းအင် (စပါးခွံဓာတ်ငွေ့လောင်စာ) အသုံးပြု၍ ကျေးရွာမီးလင်းရေးကိုပါ တစ်ဖက်တစ်လမ်းက ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြလိုက်ရပါသည်။

No comments: