Wednesday, January 7, 2009

(၆၂)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကိုအစဉ်အလာနှင့်အညီအမျိုးသားရေးအနှစ်သာရပြည့်ပြည့်၀၀ဖြင့်ခမ်းခမ်းနားနားကျင်းပနိုင်ရေးဦးတည်ချက်(၅)ရပ်နှင့်အညီ.....


၂၀၀၉ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်င်္စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တက်ရောက်၍ ဆွေးနွေးမှာကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဝင်များဖြစ်ကြသည့် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ လုပ်ငန်းဆပ်ကော်မတီဥက္ကဌများနှင့် တာဝန်ရှိများ တက်ရောက်ကြသည်။
ရှေးဦးစွာ (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ၁၂ရက်တွင် ကျရောက်မည့် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယခင် အစဉ်အလာကောင်းများနှင့်အညီ အမျိုးသားရေး အနှစ်သာရ ပြည့်ပြည့်၀၀ဖြင့် အောင်အောင်မြင်မြင်၊ ခမ်းခမ်းနားနား ကျင်းပရေးအတွက် ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း။
အစဉ်အလာကောင်း
ပြည်ထောင်စုနေ့ အခမ်းအနားကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းသည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တိုင်းရင်းသားစည်းလုံးညီညွတ်မှုစွမ်းအားဖြင့် ပြန်လည်ရယူနိုင်ခဲ့သည့် အစဉ်အလာကောင်းကို ဖော်ညွှန်းပြီး ပြည်ထောင်စု၏ မည်သည့်နေရာ၊ မည်သည့်ဒေသ၌ နေထိုင်ကြသည်ဖြစ်စေ၊ ခိုင်မြဲသည့် ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူသွားကြရန် ဦးတည်ကျင်းပနေခြင်း ဖြစ်ကြောင်း။
လာမည့် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံရေးအနှုစ်သာရ ရှိရှိ။ အမျိုးသားရေး အဓိပ္ပါယ် ပြည့်ပြည့်၀၀ဖြင့် အောင်အောင်မြင်မြင်၊ ခမ်းခမ်းနားနား ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီနှင့် စီမံခန့်ခွဲမှုကော်မတီတို့ကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီး ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုနေ့ကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန်အတွက် ယခု အစည်းအဝေး၌ ညှိနှိုင်းဆွေးနွေးကြရန်နှင့် စီမံချက်များ ရေးဆွဲပြီး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
ဂရုပြုဆောင်ရွက်
စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ပြည်ထောင်စုနေ့ကိုယ်စားလှယ်များ နေပြည်တော် အလာ/အပြန် ခရီးစဉ်နှင့် နေပြည်တော်အတွင်း သွားလာရေး အဆင်ပြေချောမွေ့စေရေး၊ တည်းခိုဆောင်များ၌ လိုအပ်သည့်အစီအစဉ်များ စနစ်တကျ ဆောင်ရွက်ပေးရေး၊ လေ့လာရေးခရီးစဉ်များ၌ စိတ်ပါဝင်စားစွာ လေ့လာနိုင်ရေး၊ ကိုယ်စားလှယ်များ၏ ကျန်းမာရေး၊ အစားအစာများ သန့်ရှင်းလတ်ဆတ်ရေးတို့ကို ဂရုပြုဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။
စုပေါင်းကြိုးပမ်း
အထူးသဖြင့် ပြည်ထောင်စုနေ့ နံနက် အလံတော် အလေးပြုခြင်းနှင့် နိုင်ငံတော် အကြီးအကဲ၏ သ၀ဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားနှင့် ပြည်ထောင်စုနေ့ ည၌ ကျင်းပမည့် ညစာစားပွဲ အခမ်းအနားများ သပ်သပ်ရပ်ရပ်၊ လှလှပပ၊ ခမ်းခမ်းနားနား၊ အောင်အောင်မြင်မြင် ဖြစ်စေရန် တာဝန်ရှိသူများ စုပေါင်း ကြိုးပမ်းကြရန် ဖြစ်ကြောင်း။
ပြည်ထောင်စုနေ့ ကျင်းပရေးလုပ်ငန်းအတွက် ခွင့်ပြုပေးသည့် ဘဏ္ဍာငွေကိုလည်း အလေအလွင့်မရှိအောင်၊ မကုန်သင့်သည်များ မကုန်ရအောင် လုပ်ငန်းဆပ်ကော်မတီများက စိစိစစ်စစ် ကြပ်မတ်သုံးစွဲကြရန် ဖြစ်ကြောင်း။
ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့သည်မှာ ယခုအပါအ၀င် သုံးကြိမ်ရှိပြီဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းတိုင်း၌ ယခင်နှစ်များက အတွေ့အကြုံကို အခြေခံပြီး အားနည်းချက်၊ ဟာကွက်မရှိအောင် ဂရုတစိုက်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
နိဂုံးချုပ်အနေဖြင့် ၂၀၀၉ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များဖြစ်သည့်_
-ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အမျိုးသားရေး မူဝါဒကို ပြည်ထောင်စု တိုင်းရင်းသားအားလုံး စောင့်ထိန်းကာကွယ်ရေး၊
-တိုင်းရင်းသားပြည်သူများအတွင်း ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ရှင်သန် ထွန်းကားရေး၊
-နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့် ခောတ်မီဖွံ့ဖြိုးတိုးတက်မှုတို့အား နှောင့်ယှက်ဖျက်ဆီးသည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏ အန္တရာယ်ကို တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်းကာကွယ် တားဆီးရေး၊
-တိုင်းရင်းသားပြည်သူများ၏ တစ်ခဲနက် ထောက်ခံမှုဖြင့် အတည်ပြုခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ခောတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် တိုင်းရင်းသားအားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရေး၊
-နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ပြည်ထောင်စု တိုင်းရင်းသား အားလုံး ၀ိုင်းဝန်းကြိုးပမ်းရေး
ဆိုသည့် အမျိုးသားရေး ဦးတည်ချက်(၅)ရပ်နှင့် အညီ ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်မြင်ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရန် ယခုအစည်းအဝေး တက်ရောက်လာသူအားလုံးက တက်ညီလက်ညီ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် မှာကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် (၆၂)နှစ်မြောက် ပြည်ထောင်စုကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်က (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုနေ့ သ၀ဏ်လွှာကိစ္စ၊ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးကိစ္စ၊ ပြည်ထောင်စုနေ့ ကိုယ်စားလှယ်ဦးရေ သတ်မှတ်ရန် ကိစ္စ၊ ပြည်ထောင်စုနေ့ ညစာစားပွဲသို့ ဖိတ်ကြားမည့် ဦးရေသတ်မှတ်ရန် ကိစ္စ၊ အခမ်းအနား ပြင်ဆင်မွမ်းမံရေးကိစ္စ၊ ပြည်ထောင်စုနေ့ ညစာစားပွဲ ကျင်းပရေး အစီအစဉ်နှင့် ဧည့်ခံကျွေးမွေးရေး ကိစ္စ၊ ပြည်ထောင်စုနေ့ ညစာစားပွဲတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေရေးကိစ္စ၊ ပြည်ထောင်စုနေ့ ညစာစားပွဲတွင် ကာလပေါ် တေးဂီတဖြင့် ဖျော်ဖြေရေးကိစ္စ၊ ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များ လေ့လာရေးခရီးစဉ် ကိစ္စ၊ပြည်ထောင်စုနေ့ အခမ်းအနားအတွက် သုံးစွဲမည့် ဘဏ္ဍာငွေ ကိစ္စတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ပြန်လည်ဆွေးနွေး
ယင်းနောက် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ ညှိနှိုင်းအစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

No comments: