Tuesday, January 6, 2009

(၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သက်ငယ်တန်းတံခွန်စိုက် ရေကူးပြိုင်ပွဲကျင်းပ

(၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူး၍ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်နှင့် T.T.O Trading Co.,Ltd. တို့မှ ပူးပေါင်းကျင်းပသည့် ၂၀၀၉ခုနှစ် ဒုတိယအကြိမ် Denk Pharam Cup အမျိုးသား၊ အမျိုးသမီးသက်ငယ်တန်း တံခွန်စိုက်ရေကူးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်၌ ကျင်းပသည်။
ပြိုင်ပွဲများအဖြစ် အသက်၁၄ နှစ် အောက်၊ ၁၂ နှစ်အောက်၊ ၁၀ နှစ်အောက်နှင့် ရှစ်နှစ်အောက် ပွဲစဉ် စုစုပေါင်း ၅၉ပွဲကို ကျင်းပသည်။ ပြိုင်ပွဲကို အသက် ၁၄ နှစ်အောက်၌ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၁၇ ဦး၊၁၂နှစ်အောက်၌ အမျိုးသား ၂၂ ဦး၊အမျိုးသမီး ၁၇ဦး၊ အမျိုးသမီး ၁၈ဦး၊ရှစ်နှစ်အောက်၌ အမျိုးသားရှစ်ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၃၉ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ILBC အသင်းက ၂၈၃မှတ်ဖြင့် ဒုတိယ၊ ရန်ကုန်(က) အသင်းက ၂၀၅ မှတ်ဖြင့် တတိယ၊ ကုက္ကိုင်းအသင်းက ၂၀၄ မှတ်ဖြင့် စတုတ္တ၊ ကန်တော်ကြီးအသင်းက ၁၅၂ မှတ် ဖြင့် ပဉ္စမ၊ ရန်ကုန်(ခ)အသင်းက ၃၂ မှတ်ဖြင့် ဆဋ္ဌမ၊ မန္တလေးအသင်းက ၃၁ မှတ်ဖြင့် သတ္တမတို့ ရရှိကြသည်။
ဆုချီးမြှင့်

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်း ၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ တွဲဖက် အတွင်းရေးမှူးများနှင့် အမှုဆောင်များ၊ T.T.O Trading Co.,Ltd. တို့မှ တာဝန်ရှိသူများက ၁၄ နှစ်အောက်၊ ၁၂ နှစ်အောက်၊ ၁၀ နှစ်အောက် မီတာ၁၀၀ အလွတ်ကူး အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ ရှစ်နှစ်အောက် ၂၅ မီတာအလွတ်ကူးပြိုင်ပွဲ၊ ၁၄ နှစ်အောက် မီတာ ၂၀၀ တစ်ဦးချင်း လေးမျိုးကူးပြိုင်ပွဲ၊မီတာ ၅၀×၄ လွန်းပြန်အလွတ်ကူပြိုင်ပွဲနှင့် လွန်းပြန်လေးမျိုးကူးပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးပွဲစဉ်များတွင် ဆုရရှိကြသူများအား တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ချီးမြှင့်

ဆက်လက်၍ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးချိုမောင်က ရွှေလေးခုဖြင့် အမျိုးသားအကောင်းဆုံးရေကူးသမားဆုရ ရာဇာထွန်းထွန်း(ILBC) ကိုလည်းကောင်း၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး၊(အား/ကာ)က ရွှေလေးခုဖြင့် အမျိုးသမီး အကောင်းဆုံးရေကူးသမားဆုရ နန်းခင်ဝင်း(ကန်တော်ကြီး)ကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ဆုကြေး
ယင်းနောက် မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် အမှုဆောင်ဒေါက်တာမြတ်သူရစိုးက သတ္တမဆုရ မန္တလေးအသင်းအား ဆုကြေးကျပ်နှစ်သောင်းကိုလည်းကောင်း၊T.T.O Trading Co.,Ltd. မှ ဒါရိုက်တာ ဦးသိန်းလွင်က ဆဋ္ဌမဆုရ ရန်ကုန် (ခ) အသင်းအား ကျပ်သုံးသောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် အမှုဆောင်ဒေါက်တာ ဇော်ထွန်းအေးက ပဉ္စမဆုရ ကန်တော်ကြီးအသင်းအား ကျပ်ငါးသောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်အမှုဆောင် ဦးထွန်းထွန်းဦးက စတုတ္ထဆုရ ကုက္ကိုင်းအသင်းအား ဆုကြေးကျပ်တစ်သိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ဦး လက်ထောက်ညွှန်ကြားရေးမှူး(အား/ကာ)က တတိယဆုရ ရန်ကုန်(က) အသင်းအား ဆုကြေးကျပ်နှစ်သိန်းကို လည်းကောင်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးချိုမောင်က ဒုတိယဆုရ Hard Body အသင်းအား ဆုကြေးကျပ်သုံးသိန်းကိုလည်းကောင်း ၊ပါမောက္ခ ဒေါက်တာတင့်ဆွေလတ် (ခေတ္တပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၂ ရန်ကုန်)က ပထမဆုရ ILBC အသင်းအား ဆုဖလားနှင့် ကျပ်လေးသိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

No comments: