Tuesday, January 20, 2009

မူးယစ်အန္တရာယ်နှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဟောပြော


ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ အသိပညာပေးလုပ်ငန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနက မူးယစ်ဆေးဖြတ်ပြီးသူများအား နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများ၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုအား အသိပေးဆွေးနွေးဟောပြောခြင်းကို မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကကြီးကြပ်၍ ရန်ကုန်တိုင်း စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းက ဦးဆောင်ပြီး ဇန်န၀ါရီ ၁၉ ရက်နံနက်ပိုင်းက အထက (၁) မြောက်ဥက္ကလာပ မြတ်ခရေခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးဟန်ဝင်းအောင်က အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးဒုရဲမှူး ညွန့်ညွန့်ဌေးက ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် တားဆီးနှိမ်နှင်းရေးလုပ်ငန်းများ အကြောင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေရုံးမှ ဦးမင်းသူက မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် ဥပဒေများအကြောင်း၊ မူးယစ်ကြီးကြပ်ရေးမှူးအသင်းမှ စီမံချက်ဆာဝန်ခံ လူရွှင်တော် ရွှေဖလားဆုရ ဟာသသရုပ်ဆောင် ချစ်ချောက မူးယစ်ဆေးဝါး ကာကွယ်ရေး လူငယ်အရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ ရဲအုပ်မြင့်သိန်းက သင်ထောက်ကူပစ္စည်းများအသုံးပြု၍ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် အိမ်သုံးဆေးဝါးများအား အလွဲသုံးမှုအကြောင်းနှင့် သာကေတမြို့နယ် မူးယစ်ကြီးကြပ်ရေးမှူး ဦးကျော်စွာဝင်း (မောင်ကျော်စွာ ဒဂုံတက္ကသိုလ်) က နောက်ဆက်တွဲ စောင့်ရှောက်ရေးနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းများအကြောင်းအား ဆွေးနွေးဟောပြောကြသည်။
အခြေခံပညာ အထက်တန်းကျောင်းများတွင် ဟောပြောမှုလုပ်ငန်းများ၌ အသုံးပြုရန်အတွက် ရွှေပေါက်ကံမြို့သစ် စက်မှုဇုန် ၁၈/၁၉ ရပ်ကွက်မှလုပ်ငန်းရှင်များက အလှူငွေကျပ်နှစ်သိန်းကိုပေးအပ်ရာ အသင်းဥက္ကဌ ဦးစံရှိန်က လက်ခံ၍ ဂုဏ်ပြုလွှာများ ပေးအပ်သည်။

No comments: