နိုင်ငံအတွင်း မြစ်ဝှမ်းလွင်ပြင်၊ ကုန်းမြင့်တောင်တန်းများ ရောပြွမ်းတည်ရှိနေသည်ဖြစ်ရာ ယခင်ကာလက လမ်းပန်းဆက်သွယ်သွားလာမှု ခက်ခဲခဲ့သည်။ တိုင်းရင်းသားအချင်းချင်း အနေနီးလျက် ခရီးဝေးခဲ့ကြရသည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူတို့၏ ကြိုးပမ်းမှုဖြင့် သဘာဝအဆီးအတားများကို ကျော်ဖြတ်၍ လမ်း၊ တံတားပေါင်းများစွာကို ဖောက်လုပ်တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။ဒေသတစ်ခုနှင့်တစ်ခု အလွယ်တကူ သွားလာဆက်သွယ်နိုင်ကြပြီ။ကုန်စည်ကူးသန်း ရောင်းဝယ်ဖောက်ကားမှုများ ဖွံ့ဖြိုးစည်ပင်လျက်ရှိသည်။
ဧရာဝတီတိုင်းသည် စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့်ဆားလုပ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကောင်းမွန်သည်။ မြစ်ချောင်းပေါများသောကြောင့် တစ်ချိန်သောအခါက ကူးသန်းရောင်းဝယ်သွားလာလုပ်ကိုင်ရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြရသည်။
ယခုအခါ တိုင်းအတွင်း မော်တော်ကားလမ်း အများအပြား ဖောက်လုပ်ပေးပြီး မြစ်ကူးတံတားကြီးများကိုလည်း တစ်စင်းပြီးတစ်စင်း တည်ဆောက်ပေးလျက်ရှိရာ ပြည်သူများ ဒေသအသီးသီးသို့ လွယ်ကူစွာ သွားလာနိုင်ကြပြီဖြစ်သည်။
ပန်းတနော်မြို့နယ် ပန်းတနော်-အိမ်မဲလမ်းပေါ်ရှိ သုံးခွချောင်းတံတား(ကျုံတိုင်းကြီး)ကို ဇန်န၀ါရီလ ၁ ရက်နေ့က ထပ်မံဖွင့်လှစ်လိုက်ပြန်သည်။ ဆောက်လုပ်ရေးဝန်ကြီးက နိုင်ငံတစ်ဝန်းတည်ဆောက်ခဲ့သည့် ပေ ၁၈၀ အထက် တံတားကြီးများအနက် ၂၁၇စင်းမြောက် တံတားဖြစ်ပြီး ဧရာဝတီတိုင်းအတွင်း ၄၄စင်းမြောက်ဖွင့်လှစ်နိုင်သည့် တံတားလည်းဖြစ်သည်။
သုံးခွချောင်းတံတား(ကျုံတိုင်းကြီး)သည် သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်သည်။ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန် တန် ၆၀ဖြစ်ပြီး တံတားအရှည်ပေ ၂၇၀ ရှိကြောင်း သိရသည်။ အဆိုပါတံတား ဖွင့်လှစ်လိုက်သည့်အတွက် မြောင်းမြမြို့နယ်နှင့် အိမ်မဲမြို့နယ်တို့ရှိ ကျေးရွာပေါင်းများစွာမှ ပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး၊ လူမှုရေးတို့ကို ပိုမိုအကျိုးပြုနိုင်တော့မည် ဖြစ်သည်။
ယခုအခါ နိုင်ငံတော်အစိုးရက ဧရာဝတီတိုင်းအတွင်း ဖောက်လုပ်တည်ဆောက်ပြီး လမ်း၊ တံတားများသာမက မြစ်ဝကျွန်းပေါ်ဒေသလမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းသစ်များကိုလည်း တိုးချဲ့ဖောက်လုပ်လျက်ရှိသည်။မြစ်ကူး၊ ချောင်းကူးတံတားကြီးများစွာတိုးချဲ့တည်ဆောက်ဖွင့်လှစ်ပေးနိုင်မှုနှင့်အတူ ဒေသခံပြည်သူများ၏ ကူးသန်းဆက်သွယ်သွားလာမှုများ လွယ်ကူချောမွေ့ပြီး ပြည်သူများ၏ ကုန်သွယ်စီးပွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။

No comments:
Post a Comment