ရာစုနှစ်အတွင်း (၆၆)ကြိမ်မြောက် လုံးဝနီးပါးနေကြတ်ခြင်းအဖြစ် ဇန်န၀ါရီ ၂၆ရက် ညနေ ၄နာရီ မိနစ်၄၀ခန့်က ဖြစ်ပေါ်ခဲ့ရာ အင်ဒိုနီးရှားနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြားက မြင်တွေ့ခဲ့ကြရသည်။
တွေ့မြင်ခဲ့
နေစတင်ကြတ်ခြင်းကို ဇန်န၀ါရီ ၂၆ရက်က ပထမဆုံး စတင်မြင်တွေ့ခဲ့ရသည့် နိုင်ငံမှာ အာဖရိကတိုက်တောင်ပိုင်း နိုင်ငံများဖြစ်သည်။ အာကာသသုတေသနပညာရှင် များ၏ ကြိုတင်သတင်းထုတ်ပြန် ခြင်းကြောင့် အာဖရိက တိုက်တောင်ပိုင်းရှိ နိုင်ငံများမှ ပြည်သူများ စောင့်ကြည့် တွေ့မြင်ခဲ့ကြသည်။
ဒုတိယအစောဆုံးတွေ့မြင်ရသည့်နိုင်ငံများမှ သြစတြေးလျနိုင်ငံ၏ ကိုကော့စ်ဒေသဖြစ်ပြီး တတိယအစောဆုံး တွေ့ရှိရသည့်နိုင်ငံမှာ အိန္ဒိယသမုဒ္ဒရာအတွင်းကျွန်းစုများမှ ဒေသခံများဖြစ်ကြသည်။
အကြီးဆုံး
ထို့အတူ နေကြတ်မှုပမာဏ အကြီးဆုံးတွေ့မြင်ရသည့်နိုင်ငံများမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ပြီး အပြည့် အ၀ဆုံးနီးပါး နေကြတ်မှုကို မြင်တွေ့ရသည့် နိုင်ငံမှာအင်ဒိုနီးရှားဖြစ်သည်။ တစ်ဖန် မဒါဂါစကာ ကျွန်းနိုင်ငံ၌လည်း တွေ့မြင်ကြရသည်ဆို၏။
ဇန်န၀ါရီ ၂၆ရက်က နေကြတ်မှုသည် အချိန်လေးမိနစ်ခန့်သာကြာမြင့်သော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူသိန်းပေါင်းများစွာ မြင်တွေ့ခဲ့ကြသည်။ နေကြတ်မှုအကြီးဆုံးမြင်တွေ့ရသည့်အရပ်မှာ အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းနှင့် ကာလီမင်တန်ကျွန်းများဖြစ်ပြီး အချိန်လေးမိနစ်နီးပါး မြင်တွေ့ခဲ့ကြရသည်။
အရိပ်ကျ
ယခုနေကြတ်မှုဖြစ်ပေါ်ခဲ့ခြင်းသည် နေ၏အစိတ်အပိုင်း ၈၄ရာခိုင်နှုန်း နေကြတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဆို သော်လည်း အင်ဒိုနီးရှားနိုင်ငံ အရှေ့ကာလီမင်တန် ပြည်နယ်မှ မြင်တွေ့ရသည်မှာ နေအစိတ်အပိုင်း၏ ၉၀ရာခိုင်နှုန်း အရိပ်ကျခဲ့ခြင်းကို မြင်တွေ့ခဲ့ကြရသည်ဟု ဆို၏။
ကြိုတင်သတိပေးထား
နေကြတ်ချိန်၌ ထွက်ပေါ်လာသော အလင်းတန်းများသည် မျက်စိကို ထိခိုက်စေကြောင်း ကြိုတင်သတိပေး တားမှုကြောင့် နေကြတ်ခြင်းကို စောင့်ကြည့်သူပြည်သူများနေကာများတပ်ဆင်ကြည့်ရှုခဲ့ကြသည်။
ဖြစ်ပေါ်နိုင်
ပြီးခဲ့သည့် ၂၀၀၈ခုနှစ် သြဂုတ်၁ရက်က နေကြတ်မှုတစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ယခုဇန်န၀ါရီ ၂၆ရက်က နေကြတ်မှု တစ်ကြိမ် ဖြစ်ပေါ်ခဲ့သည့်အပြင် လာမည့်ဇူလိုင် ၂၂ရက်၌ လည်း နေကြတ်ခြင်းဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက ခန့်မှန်း ထားသည်။
မြင်တွေ့ရဖွယ်ရှိ
ထိုသို့ နေကြတ်သည့်အခါ အိန္ဒိယ၊ နီပေါ ဘင်္ဂလားဒေ့ရှ်၊ဘူတန် မြန်မာ ၊ တရုတ်နှင့် ဂျပန်နိုင်ငံရှိ အချို့သော ကျွန်းများက မြင်တွေ့ကြရမည်ဖြစ်ကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။

ဇန်န၀ါရီ ၂၆ရက် ညနေ ၁၅မိနစ်က နေကြတ်သည့် မြင်ကွင်းကို တောင်ဥက္ကလာပမြို့နယ်မှ ဤသို့မြင်တွေခဲ့ရသည်။

No comments:
Post a Comment