Thursday, January 22, 2009

မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်သန်းဌေး ကြည့်ရှုစစ်ဆေး



စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်သန်းဌေးသည် ဇန်န၀ါရီ ၁၈ ရက်နံနက်ပိုင်းတွင် မြန်အောင်မြို့နယ် ကနောင်မြို့ ကျက်ဆူတောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များအား တွေ့ဆုံ၍ အလှူငွေများ ပေးအပ် လှူဒါန်းပြီး ကနောင်မြို့ ပြည်သူ့ဆေးရုံကို ကြည့်ရှုစစ်ဆေးကာ ဆေးရုံဘက်စုံပြုပြင်ရန် အလှူငွေများကို ပေးအပ်လှူဒါန်းသည်။

ထို့နောက် ဒုတိယ၀န်ကြီးသည် အိုးဘိုကျေးရွာ၌ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်ရွှေ့ပြောင်း ဆောက်လုပ်နိုင်ရေးအတွက် ကျေးရွာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး သရက်ပင်ဆည်ကျေးရွာ၌ သရက်ပင် ဆည်တံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာပြည်သူများအား တွေ့ဆုံသည်။
ယင်းနောက် ဒုတိယ၀န်ကြီးသည် သပြေကုန်း ကျေးရွာအုပ်စုအတွင်းရှိ သပြေပင်(မြောက်) အခြေခံပညာမူလတန်းကျောင်းဆောင်ကို လည်းကောင်း၊ သပြေကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရွှေရတု ကျောင်းဆောင်သစ်တည်ဆောက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ သပြေကုန်း အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ မြို့နယ်နှင့် ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျေးရွာပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးမှာကြားကာ သပြေကုန်းတိုက်နယ်ဆေးရုံ၊ သပြေကုန်း အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုကျောင်းဆောင်၊ လန်တာကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် ၀န်လိုသိုက်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် သဲဖြူကျေးရွာသို့ ရောက်ရှိပြီး မမြချောင်းကူး သဲဖြူတံတားကို ကြည့်ရှုစစ်ဆေး၍ ကန့်ဘလူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ရပ်မိရပ်ဖများနှင့် လည်းကောင်း၊ အညာစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် တည်ဆောက်မည့် နေရာ၌ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်လည်းကောင်း တွေ့ဆုံကာ ဆင်ဘုံကျေးရွာ၊ ပန်းတိုးကျေးရွာ၊ အညာစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယ၀န်ကြီးသည် ဆင်ဘုံကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲကို ကြည့်ရှုစစ်ဆေးပြီး ကညွတ်ကုန်းကျေးရွာ၊ ဇံကြွယ်ကျေးရွာနှင့် ဆင်လူးကျေးရွာတို့သို့ ရောက်ရှိကာ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ကညွတ်ကုန်းကျေးရွာ၊ မြေပြာသရက်ကုန်းကျေးရွာ၊ ဇံကြွယ်ကျေးရွာနှင့် ဆင်လူးကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် မူလတန်းလွန်ကျောင်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

No comments: