Friday, January 23, 2009

နော်ဝေးနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့မှ ၀န်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ကြည့်ရှုလေ့လာ

မုန်တိုင်းသင့်ဒေသများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုလေ့လာရန် နော်ဝေးနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mr. Erik Gudbrand Solheim ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၀န်ကြီး H.E. Ms. Ulla Pedersen Tornaes ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ယမန်နေ့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြရာ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ဥက္ကဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် နော်ဝေးနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့မှ ၀န်ကြီးများ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များသည် မုန်တိုင်းသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ၀ိုင်းဝန်းဆောင်ရွက်လျက်ရှိသော ရန်ကုန်မြို့ရှိ သက်ဆိုင်ရာနိုင်ငံအသီးသီးတို့မှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံကြသည်။
ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့များသည် အာဆီယံ၊ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များအား ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ တွေ့ဆုံကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Dr. Bishow Parajuli က တည်ခင်းသည့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြသည်။
ညပိုင်းတွင် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ဥက္ကဌ၊ နိုင်ငံခြားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူက နော်ဝေးနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့မှ ၀န်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
နော်ဝေးနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့မှ ၀န်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်အချို့တို့သည် ယနေ့နံနက် ၈ နာရီတွင် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူ လိုက်ပါလျက် ရန်ကုန်မြို့မှ မုန်တိုင်းသင့်ဒေသများသို့ ရဟတ်ယာဉ်ဖြင့် ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာသို့ နံနက် ၁၁နာရီ မိနစ် ၅၀ တွင် ရောက်ရှိကြပြီး အိမ်ရာစီမံကိန်း၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် Care မြန်မာတို့၏ စားနပ်ရိက္ခာဖြန့်ဝေမှု၊ စက်ဆန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ တည်ဆောက်ဆဲ ၁၆ ခုတင်ဆံ့ ဆေးရုံ၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ သောက်သုံးရေ သန့်စင်မှုအစီအစဉ်၊ အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် MSF နှင့် IOM တို့၏ စက်ဆန်းကျေးရွာအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၏ စက်ဆန်းကျေးရွာ အုပ်စုတွင် လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုလေ့လာကြကာဒေသခံများနှင့် ရင်းနှင်းစွာ တွေ့ဆုံကြသည်။
ယင်းနောက် ၀န်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်အချို့တို့သည် ရဟတ်ယာဉ်ဖြင့် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းကြီးကျေးရွာအုပ်စု ဆိပ်ကြီးစံပြကျေးရွာသို့ ရောက်ရှိကြပြီး ကျေးလက်ကို အခြေခံသော ဆောလျင်စွာပြန်လည်ထူထောင်ရေးအစီအမံအရ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆိပ်ကြီး စံပြကျေးရွာအတွင်း စတင်အကောင်အထည်ဖော်လျက်ရှိသော အိမ်ရာစံကိန်း၊ ငါးဖမ်းလှေ ဆောက်လုပ်ဖြန့်ဝေပေးမှု၊ ကွမ်းစိုက်ခင်းများ၊ ဆိပ်ကြီးစံပြကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် သောက်ရေတွင်းများကို လှည့်လည်ကြည့်ရှုလေ့လာကြကာ ဒေသခံပြည်သူများအား ရင်းနှီးစွာ တွေ့ဆုံကြသည်။
အလားတူ နော်ဝေးနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များတွင် ကျန်ရှိသည့် အဖွဲ့ဝင်များသည် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ဝင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင် လိုက်ပါလျက် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များသို့ မော်တော်ယာဉ်များဖြင့် သွားရောက်ကြပြီး မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကြည့်ရှုလေ့လာကြကာ ဒေသခံများနှင့် ရင်းနှီးစွာ တွေ့ဆုံကြသည်။
ထို့နောက် နော်ဝေးနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့မှ ၀န်ကြီးများဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် အချို့တို့သည် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြပြီး ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြရာ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

No comments: