Tuesday, January 20, 2009

အာဆီယံဒေသအတွင်းရှိ ယဉ်ကျေးမှုပစ္စည်းများ တရားမ၀င်လွှဲပြောင်းခြင်းနှင့် တရားမ၀င် ကူးသန်းရောင်းဝယ်ခြင်း ကာကွယ်တားဆီးရေး အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ

ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် အာဆီယံဒေသအတွင်းရှိ ယဉ်ကျေးမှုဝတ္ထုပစ္စည်းများ တရားမ၀င်လွှဲပြောင်းခြင်းနှင့် တရားမ၀င် ကူးသန်းရောင်းဝယ်ခြင်း ကာကွယ်တားဆီးရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၈ ရက် နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပုဂံနန်းမြင့်မျှော်စင် အစည်းအဝေးခန်းမ၌ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည်။

အကြံပြုဆွေးနွေး

အလုပ်ရုံဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံမှ Mr.Khalid Bin Syed Ali ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစန်းဝင်းနှင့် ရှေ့နေချုပ်ရုံးလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်သန်း၊ ဖိလစ်ပိုင်သမ္မတနိုင်ငံမှ Ms. Heidi Tan၊ ထိုင်းနိုင်ငံမှ Mr. Pongthom Hiengkaew၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ Mrs. Khoa Thi Khanh Chi တို့က စာတမ်းများကို ဖတ်ကြားတင်ပြကြရာ တက်ရောက်လာကြသူများက မေးမြန်းအကြံပြု ဆွေးနွေးကြသည်။
အာဆီယံ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံ၊ အာနန္ဒာ၊ ၀က်ကြီးအင်း၊ဂူပြောက်ကြီးဘုရားနှင့် ပုဂံရှေးဟောင်းသုတေသနပြတိုက်တို့သို့ သွားရောက်လေ့လာကြသည်။
မွန်းလွဲပိုင်းတွင် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးအမျိုးသားကော်မတီမှ ဥက္ကဌ ဒေါက်တာခင်မောင်ညွန့်က အာဆီယံနိုင်ငံအသီးသီးမှ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များ၊ အကြုံပြုချက်နှင့် မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
ညပိုင်းတွင် အာဆီယံကိုယ်စားလှယ်များအား အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးအမျိုးသားကော်မတီ ဥက္ကဌက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

No comments: