Thursday, February 19, 2009

ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ


ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်မှူးကြီးမောင်အေး၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်ဦးစီးချုပ် General Anupong Paojinda ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ်မောင်မောင်အုန်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတောင်ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာဘန်စန်းဘွန်နတ်ခ်နှင့် စစ်သံမှူး Colonel Ekachai Harnpoonvittaya တို့ လိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်သို့ သွားရောက်ပြီး လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ရတနာဆင်ဖြူတော်ဥယျာဉ်ရှိ ရတနာဆင်ဖြူတော်များအား ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော်ကြည်းတပ် ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်နှင့် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်တို့သို့ သွားရောက် ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရန်ကုန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာသွားရာ တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

No comments: