ယခုနှစ်ဆောင်းရာသီက အိန္ဒိယကို ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် နှင်းများထူထပ်သိပ်သည်းစွာ ကျဆင်းခဲ့မှုဒဏ်ကို ဆိုးရွားစွာခံခဲ့ရကြောင်း၊ များစွာသော ရှားပါးတိရစ္ဆာန်များနှင့် ငှက်မျိုးစိတ်များ လျော့ပါးလာကြောင်း တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိများက မတ်၂ ရက်တွင် ပြောကြားခဲ့သည်။ လွန်ခဲ့သောကာလက ယင်းဒေသတွင် ကြိုတင်မခန့်မှန်းနိုင်သည့် နှင်းများ ထူထပ်သိပ်သည်းစွာ ကျဆင်းခဲ့မှုကြောင့် ရှားပါးသောမျိုးစိတ်များအပါအ၀င် ရာပေါင်းများစွာသော ငှက်များနှင့် သားရဲတိရစ္ဆာန်များ သေဆုံးခဲ့ရကြောင်း အင်ဒိုအေးရှင်းသတင်းဌာနက သတင်းထုတ်ပြန်သည်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနအနေဖြင့် တောရိုင်းတိရစ္ဆာန်များ၏ အလေ့အထနှင့် ရာပေါင်းများစွာသော ရစ်ငှက်များ၊ ကျားသစ်များ၊ တောကြောင်များ၊ အခြားနို့တိုက်သတ္တ၀ါငယ်များအား ယင်းရာသီဥတုဒဏ်က ထိုခိုက်စေခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်း ယင်းဌာနမှအရာရှိကစ်ခ်ျလူးက ပြောကြားသည်။ လူတို့ အခြေချ နေထိုင်သည့် အိမ်ရာ အဆောက်အအုံများ တိုးပွားလာမှုကြောင့် ရစ်ငှက်အမျိုးပေါင်းများစွာ အရေအတွက် နည်းပါးလာကြောင်း၊ ယင်းသို့ နည်းပါးရခြင်းအကြောင်းမှာ လူများက ရစ်ငှက်များအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ဖြစ်ကြောင်း ယင်းအရာရှိက ပြောကြားသည်။ အိန္ဒိယတို့ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် နှစ်အနည်းက ခြောက်သွေ့သည့်ကာလ ရှိခဲ့ပြီးနောက် ၁၉၉၂ခုနှစ်တါင် နှင်းများ အနေတော်သာ ကျဆင်းခဲ့သည်။ ၁၉၉၆ခုနှစ်နှင့် ၂၀၀၅ ခုနှစ်က နှင်းများထူထပ်စွာ ကျဆင်းခဲ့သော်လည်း ဖေဖော်ဝါရီလတွင်မူ နှင်းကျဆင်းမှု အထူထပ်အသိပ်သည်းဆုံးဖြစ်ကြောင်း ကျွမ်းကျင်သူများ ဆိုသည်။
Thursday, March 6, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment