မြန်မာနိုင်
ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ပြန်ကြားရေးရာဌာနကြီး၏ ပညာပေးဟောပြောပွဲနှင့် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ၂၈ ရက်မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ခန်းမကြီး၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ပြန်ကြားရေးရာဌာနကြီး ဌာနကြီးမှူး ဒေါ်ကြည်ကြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ပြန်ကြားရေးဝန်ကြီးဌာနမှ အမျိုးသမီးရေးရာအဖွဲ့ဝင် အမျိုးသမီးဝန်ထမ်းများနှင့်မှီခိုသူ အမျိုးသမီးများ ၊ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ပြန်ကြားရေးရာဌာနကြီး ဌာနကြီးမှူး ဒေါ်ကြည်ကြည်ဝင်းက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ပြန်ကြားရေးရာဌာနကြီး ဌာနကြီးမှူး ဒေါ်ကြည်ကြည်ဝင်းနှင့် နေပြည်တော် ခရိုင်နှင့်မြို့နယ်တို့မှ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌများထံ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဌေး၏ဇနီး ဒေါ်နွဲ့နွဲ့နှင့် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်း၏ဇနီး ဒေါ်စန်းစန်းလွင်တို့က ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ အမျိုးသမီးများ၏ အဖွဲ့ဝင်အဆိုပြုလွှာများကို ပေးအပ်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ပြန်ကြားရေးရာဌာန်ကြီး ဌာနကြီးမှူး ဒေါ်ကြည်ကြည်ဝင်းထံ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးဝင်း၏ဇနီး ဒေါ်သန်းသန်းအေးနှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်၏ဇနီး ဒေါ်မာလာဝင်းတို့က ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်သို့ လှူဒါန်းငွေများကို ပေးအပ်ကြသည်။
ဆက်လက်၍ အခမ်းအနားမှူး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒေါ်ခင်မိုးဥက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ပြန်ကြားရေးရာဌာနကြီး၏ ပညာပေးဟောပြောပွဲတွင် ဆွေးနွေးဟောပြောမည့် ၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေဆုမြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုရ ဒေါ်စန္ဒာခင်၏ ကိုယ်ရေးမှတ်တမ်း အကျဉ်းကို ဖတ်ကြားသည်။
ထို့နောက် ၂၀၀၇ ခုနှစ်အတွက် အမျိုးသားစာပေဆု မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုရ ဒေါ်စန္ဒာခင်က "ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းဖြင့် ဂုဏ်ယူပါ" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဌေး၏ဇနီး ဒေါ်နွဲ့နွဲ့က ပြန်ကြားရေးဝန်ကြီးဌာနမှ ဂုဏ်ပြုလက်ဆောင်ကို ဒေါ်စန္ဒာခင်ထံပေးအပ်ပြီး ဟောပြောပွဲနှင့် အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

No comments:
Post a Comment