Tuesday, December 30, 2008

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တိုင်းရင်းသားပြည်သူများ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်

တိုင်းရင်းသားပြည်သူများအားလုံး၏ အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းရေးဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစကာလတွင် နယ်ချဲ့ကိုလိုနီတို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုအား လျော့နည်းခဲ့ရပြီး အေးချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအကျဆုံးသည် အမျိုးသားစည်းလုံးညီညွတ်ရေးပင်ဖြစ်သည်။
သမိုင်းစဉ်တစ်လျှောက် ပြန်လည်ဆန်းစစ်ကြည့်ပါလျှင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံ၍ ချစ်ခင်စည်းလုံးစွာ အပြန်အလှန် စာနာနားလည်မှုတို့ဖြင့် ပူးပေါင်းနေထိုင်ခဲ့ကြသည့် အစဉ်အလာကောင်းရှိခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် နိုင်ငံတော်ကို သက်စွန့်ကြိုးပမ်း စွမ်းစွမ်းတမံ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ကြသည်။ နယ်ချဲ့တို့၏ ကျူးကျော်မှုကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ လက်လွှတ်ခဲ့ရပြီး လွတ်လပ်ရေးဆုံးရှုံးခဲ့ရသော်လည်း မြန်မာတို့၏ မူလဗီဇလက္ခဏာများ ဖြစ်ကြသည့် မိမိတိုင်းပြည်၊ မိမိလူမျိုးအတွက် စွန့်လွှတ်သည့်စိတ်ဓာတ်၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို မြတ်နိုးတွယ်တာ တန်ဖိုးထားသည့် စိတ်ဓာတ်ဖြင့် လွတ်လပ်ရေးအချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့ကြသည်။
မျက်မှောက်ကာလတွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းရေးကို အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်အဖြစ် တညီတညွတ်တည်း လျှောက်လှမ်းချီတက်လျက်ရှိသည်။ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ပဉ္စမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ သို့ဖြစ်ပါ၍ အသက်၊ သွေး၊ ချွေးနှင့် ရင်းနှီးပေးဆပ် ရယူခဲ့သော လွတ်လပ်ရေးကို ထိန်းသိမ်းရန်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရန် တိုင်းရင်းသားပြည်သူများက ကာကွယ်စောင့်ရှောက်ကြလျက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်သို့ တက်ညီလက်ညီ ချီတက်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: