ပညာရေးကို မဏ္ဍိုင်ပြု၍ နိုင်ငံတော်သစ်တည်ဆောက်လျက်ရှိသည့် မျက်မှောက်ကာလ၌ ဆရာ ဆရာမများ၏ အရည်အသွေးထက်မြက်မြင့်မှားမှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများကို ရေရှည်ထိန်းသိမ်းသွားမည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းရေးအတွက် အထောက်အကူပြုလျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် ပြည်နယ်နှင့်တိုင်းများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာစေရန် မော်တော်ကားလမ်း၊ ရထားလမ်း၊ တံတားစသည့် အခြေခံအဆောက်အအုံများကို ကွန်ရက်ပမာ လက်ယှက်ထိုးတည်ဆောက်ပေးခဲ့ပြီး ဒေသတိုင်း၌ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအခွင့်အလမ်းများ၊ ပတ်ဝန်းကျင်ကောင်းများ ကြိုးပမ်းဖော်ဆောင်ခဲ့သည်။
ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရေးအတွက် အခြေခံပညာကျောင်းမှ တက္ကသိုလ်အဆင့်အထိ ပြည်နယ်နှင့်တိုင်းအသီးသီးတွင် တိုးချဲ့တည်ဆောက်ခြင်း၊ ခေတ်မီသင်ထောက်ကူပစ္စည်းများနှင့် စာသင်ခန်းများ ထူထောင်ခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ မျက်မှောက်ကာလ ၂၁ရာစု လူမှုစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုး စဉ်ဆက်မပြတ် ပေါ်ပေါက်နေချိန်တွင် ဆရာ ဆရာမများအနေဖြင့် ပြောင်းလဲနေသည့် ပညာရေးသဘောတရားများ၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုပညာရပ်များ၊ သတင်းဆက်သွယ်မှုနည်းပညာ၊ နိုင်ငံတကာသုံး ဘာသာစကားများကို ထိတွေ့ကျွမ်းကျင်နေရန် အစဉ်လေ့လာဆည်းပူးနေရမည်ဖြစ်သည်။
ယင်းသို့ အစဉ်လေ့လာဆည်းပူးမှ မျိုးဆက်သစ်လူငယ်များအား ၂၁ရာစုစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်းရှိသည့် အမျိုးသားအင်အားစုများ ပြုစုပျိုးထောင်နိုင်မည်ဖြစ်သည်။ မျိုးဆက်သစ်လူငယ်များအား ပညာပြည့်ဝ နှလုံးလှသည့် နိုင်ငံသားကောင်း လူရည်မွန်များအဖြစ် တိုးတက်မြင့်မားလာစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်များ လူငယ်လူရွယ်အတွင်း ပြန့်ပွားစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းသွားကြရမည်ဖြစ်သည်။ သို့ဖြစ်ပေရာ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ အမွေခံပတ်ဝန်းကျင်ကောင်းများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း လွှဲပြောင်းနိုင်ရေးတို့ကို ဝိုင်းဝန်းစည်းရုံး ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment