Wednesday, December 31, 2008

လေဘေးသင့်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့်တပ်မတော် ပေါင်းစည်းဆောင်ရွက် ဒေသခံပြည်သူများ ဟန်ချက်ညီညီ လက်တွဲပါဝင်ကြိုးပမ်း

ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့်ဒေသများတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုအားပေးရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဒီဇင်ဘာ၂၈ရက်နေ့က ဖျာပုံမြို့သို့ ရောက်ရှိခဲ့သည်။ နိုင်ငံတော်အကြီးအကဲက "ဧရာဝတီတိုင်းသည် ရေမြေသယံဇာတ ပေါကြွယ်ဝသော တိုင်းကြီးတစ်တိုင်းဖြစ်ရာ ယင်းသယံဇာတနှင့် လုပ်အားကိုပေါင်းစပ်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်လာအောင် ကြိုးစားသွားကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်းပြီး လုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရန်လိုကြောင်း" လမ်းညွှန်မှာကြားခဲ့သည်။
ယခုအခါ မုန်တိုင်းသင့်ခဲ့သော ဒေသများ၏အခြေအနေသည် များစွာတိုးတက်လျက်ရှိနေပြီ ဖြစ်သည်။ ပြန်လည်နေရာချထားရေးအပိုင်းကို ဆောင်ရွက်လျက်ရှိသည်မှာ အရှိန်အဟုန်ရရှိနေပြီဖြစ်သည်။ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းများ၊ လူနေအိမ်များ၊ Cyclone Shelter များတည်ဆောက်ရေးအပိုင်း၊ လမ်းသစ်များဖောက်လုပ်၍ လမ်းကွန်ရက်ထူထောင်ရေးအပိုင်းများကို ပွင့်လင်းရာသီ၌ အချိန်မီပြီးစီးရန် ဆောင်ရွက်ရမည်ဖြစ်သည်။ လေဘေးကြောင့် ထိခိုက်ခဲ့သော စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ဆားလုပ်ငန်း စသည့်ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို ပြန်လည်ထူထောင်ပေးလျက်ရှိရာ မူလအနေအထားသို့ ပြန်လည်ရောက်ရှိသင့်သလောက် ရောက်ရှိနေပြီဖြစ်သည်။ စီးပွားရေးအခြေအနေများ ပုံမှန်အခြေအနေသို့ အမြန်ရောက်ရှိရန် ဒေသခံပြည်သူများက ဆက်လက်ကြိုးပမ်းသွားကြရမည် ဖြစ်သည်။
မုန်တိုင်းဒဏ်ခံရသောဒေသများသည် မုန်တိုင်းမတိုက်မီ အခြေအနေထက် ပိုမိုတိုးတက်ရမည်ဆိုသည့် ရည်မှန်းချက်ဖြစ်ရာ ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအပိုင်းတို့သည် နိုင်ငံတော်၏ စီမံကိန်းတစ်ရပ်ဖြစ်ရာ စနစ်တကျ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ နိုင်ငံတော်တစ်ဝန်းမှ ပြည်သူများအားလုံးသည် ညီအစ်ကိုမောင်နှမစိတ်ဓာတ်၊ တစ်ဦးနှင့်တစ်ဦး ထောက်ထားစာနာသည့်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် စေတနာသဒ္ဓါတရား ထက်သန်စွာ ဝိုင်းဝန်းကူညီကြရမည်ဖြစ်သည်။ သို့ဖြစ်ပေရာ လေဘေးသင့်ဒေသများ မုန်တိုင်းမတိုက်မီ အခြေအနေထက် ပို၍ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ပေါင်းစည်းဆောင်ရွက်ရာ၌ ဒေသခံပြည်သူများက အားကြိုးမာန်တက် ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: