

ဧရာဝတီတိုင်း ပုသိမ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်း ပုသိမ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ င၀န်တံတား(မြို့ကွင်း) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဇလွန်မြို့ရှိ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားအား ဖူးမြော်ကြည်ညိုသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် မွန်းလွဲ၁နာရီတွင် ပုသိမ်မြို့၏ စည်ပင်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ သန့်ရှင်းသပ်ရပ်သာယာမှု အခြေအနေ၊ င၀န်မြစ်ကူး ပုသိမ်တံတား ပတ်ဝန်းကျင်အခြေအနေတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။
ကြိုဆို
ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ပုသိမ်မြို့မှ ဟင်္သာတမြို့နယ် ဟသာင်္တ-မြို့ကွင်း-ကွင်းကောက် လမ်းပေါ်ရှိ င၀န်တံတား (မြို့ကွင်း)တည်ဆောက်ရေး စီမံကိန်းသို့ မွန်းလွဲ ၂ နာရီခွဲတွင်ရောက်ရှိကြရာ ဆောက်လုပ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်စောထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးအား စီမံကိန်းရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်စောထွန်းက င၀န်တံတား(မြို့ကွင်း)တည်ဆောက်ရခြင်းနောက်ခံအခြေအနေ၊ တံတားအမျိုးအစား၊ တံတားအရှည်နှင့် တည်ဆောက်ပြီးစီးနေသည့်အပိုင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
လမ်းညွှန်မိန့်ကြား
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးက လိုအပ်သည်များကို လမ်းညွှန်မိန့်ကြားသည်။
အဆိုပါ င၀န်တံတား(မြို့ကွင်း)သည် ဟင်္သာတမြို့နယ် ဟသာင်္တ-မြို့ကွင်း-ကွင်းကောက်လမ်းပေါ်တွင် တည်ရှိကာ ပင်မတံတားမှာ သံပေါင် တံတားနှင့် ကြိုတင်အားဖြည့် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ချဉ်းကပ်တံတားမှာ သံကူကွန်ကရစ်တံတားဖြစ်သည်။
ခွင့်ပြုမောင်းနှင်
ပင်မတံတားကြီးအရှည်မှာ ၁၀၃၅ပေရှိပြီး ကမ်းနှစ်ဖက်မှ ချဉ်းကပ်တံတားနှစ်စင်းမှာ ပေ၁၈၀၀ရှိသဖြင့် စုစုပေါင်းအရှည် ၂၈၃၅ပေရှိသည်။ယာဉ်သွားလမ်းအကျယ် ၂၈ပေရှိပြီး တစ်ဖက်လျှင် လူသွားလမ်းအကျယ် သုံးပေစီ ထည့်သွင်းထားသည်။ယာဉ်တစ်စီးချင်း အလေးချိန် တန် ၆၀ အထိ ခွင့်ပြုမောင်းနှင်နိုင်ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်း ဟင်္သာတခရိုင် ဇလွန်မြို့သို့ ရောက်ရှိကြရာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမြင့်မောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသည် ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားသို့ ရောက်ရှိကာ ဂေါပကအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက ကြိုဆိုကြသည်။
ဖူးမြော်ကြည်ညို
ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များသည် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ကပ်လှူဖူးမြော် ကြည်ညိုကြသည်။
လက်မှတ်ရေးထိုး
ယင်းနောက် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသည် ဘုရားအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ဇလွန်မြို့မှ ထွက်ခွာလာရာ ညနေ ၄နာရီ မိနစ်၄၀တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
No comments:
Post a Comment