Thursday, January 1, 2009

၂၀၀၈ခုနှစ် (၄၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖလားတပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကျင်းပ

၂၀၀၈ခုနှစ် (၄၇)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားတပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ)၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင် တက်ရောက်၍ ပြိင်ပွဲကို ကြည့်ရှု့အားပေးပြီး တံခွန်စိုက်ဆုဖလားကြီးကို ပေးအပ်ချီးမြှင့်သည်။
ဗိုလ်လုပွဲသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်နှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ စစ်သံမှူးများ၊ အားကစားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ တပ်မတော်အရာရှိ အရာခံ၊ အကြပ်၊စစ်သည်များနှင့် မိသားစုဝင်များ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု့အားပေးကြသည်။
အနိုင်ရဗိုလ်စွဲ
ဗိုလ်လုပွဲတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ
ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းက သုံးဂိုး-နှစ်ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးကြီးသိန်းနိုင်က တတိယရရှိသော တပ်မတော်(လေ) အသင်းအား ဆုချီးမြှင့်ပြီး ဒုတိယရရှိသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းအားတစ်ဦးချင်းဆုများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးမင်းနိုင်က ပထမရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် အသင်းအားတစ်ဦးချင်းဆုများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်က နေရာအလိုက် အကောင်းဆုံးဘောလုံးသမားဆု ရရှိကြသူများနှင့် အသန့်ရှင်းဆုံး အသင်းဆုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းအား ဆုများကို ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ပထမရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းအား တံခွန်စိုက်ဆုဖလားကြီးနှင့် ဆင့်ပွားဖလားကို ပေးအပ်ချီးမြှင့်လိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

No comments: