Friday, June 19, 2009

ဇီဝိတဒါန မွန်မြတ်သော အလှူတွင်ပါဝင်သန့်စင်သည့်သွေးဖြင့် လူ့အသက်ကိုကယ်တင်


ဆေးပညာကုသမှုကဏ္ဍတွင် မရှိမဖြစ်သောအရာမှာ သွေးနှင့် သွေးပစ္စည်းများဖြစ်သည်။ သွေးသည် လူ၏အသက်ဖြစ်သည်။ သွေးလှူခြင်းသည် လူ၏အသက်ကို ကယ်တင်ခြင်းဖြစ်ရာ ကိုယ်တိုင်သွေးလှူခြင်းနှင့်စေတနာ သွေးလှူရှင်များ တိုးပွားများပြားလာစေရေးအတွက် လူအား၊ ငွေအား ပစ္စည်းအားဖြင့် ပါဝင်ကြိုးပမ်း အားထုတ်နေခြင်းသည် ဇီဝိတဒါနမွန်မြတ်သောအလှူ ကောင်းမှုကုသိုလ်ပြုခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံ၌ သွေးသွင်းကုသခြင်းကို ၁၉၃၉ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၌ သွေးဘဏ်တစ်ခု တည်ထောင်ခဲ့သည်။ ၁၉၆၂ခုနှစ်တွင် သွေးနှင့် သွေးပစ္စည်းဆိုင်ရာ ဥပဒေအရ အမျိုးသား သွေးဌာနဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနက သွေသွင်းကုသမှုများအတွက် အန္တရာယ်ကင်းသော သွေးများရရှိစေရန် သွေးမလှူမီ လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ သွေးလှူစေသည်။ အထူးသဖြင့် HIVရောဂါပိုး စစ်ဆေးမှုများနှင့် သွေးအရည်အသွေး ပြည့်မီစေရန် ထိန်းချုပ်သည့် အစီအစဉ်များပါဝင်သည့်အပြင် သွေးလှူဒါန်းရာတွင် ပိုးမွှားသန့်စင်ပြီးသော အပ်နှင့် ကိရိယာများကိုသာ သုံးစွဲသဖြင့် အန္တရာယ်ကင်းပေသည်။

ရန်ကုန်မြို့ရှိ ဆေးရုံကြီးများအတွက် သွေးလိုအပ်မှုမှာ လစဉ်ယူနစ် ၃၅၀၀ခန့်ရှိသည်။ စေတနာသွေးလှူရှင်များနှင့် စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့များက သွေးလိုအပ်မှု၏ ၈၅ရာခိုင်နှုန်းခန့် လာရောက်လှူဒါန်းလျက်ရှိသည်။ ပထမအကြိမ် သွေးလှူရှင်များနှင့် ပုံမှန်ပြန်လည် လှူဒါန်းနေသော သွေးလှူရှင်များ လစဉ်၊ နှစ်စဉ် တိုးတက်လာမှုနှင့်အတူ သွေးသွင်းကုသမှုလုပ်ငန်းများအတွက် ပိုမိုအထောက်အကူ ပြုနိုင်လျက်ရှိသည်။

သွေသွင်းကုသရမည့်လူနာများအတွက် သွေးကိုအချိန်မီလုံလောက်စွာရရှိရန် လိုအပ်သကဲ့သို့ သန့်စင်သည့် သွေးများ စုဆောင်းရရှိရန်လည်း အရေးကြီးသည်။ အထူးသဖြင့် သွေးလှူရှင်များသည် ကျန်းမာပြီးသွေးနီ အားပြည့်မီသူများ၊ ခုခံအားကျဆင်းမှုရောဂါပိုး အသည်းရောင်အသားဝါဘီပိုး၊ စီပိုးစသည့် ကူးစက်နိုင်သော ရောဂါပိုး ကင်းစင်သူများဖြစ်ကြရမည်ဖြစ်သည်။

ယခုအခါလူမှုရေးအသင်းအဖွဲ့အသီးသီး၊ဌာနဆိုင်ရာနှင့်စေတနာသွေးလှူရှင်များ၏ အားထုတ်မှုဖြင့် ပုံမှန်သွေး လှူဒါန်းမှုများ ပိုမိုများပြားလာနေပြီဖြစ်သည်။ ကျန်းမာသော ပုံမှန်သွေးလှူရှင်များသည် ပြည်သူတို့၏ ကျန်းမာသော ပတ်ဝန်းကျင်ကို ဖန်တီးဖော်ဆောင်ရာတွင် အရေးပါလျက်ရှိသည်။ သွေးလှူရှင်များ၏ ကျန်းမာရေးကို ဂရုပြူစစ်ဆေး စောင့်ရှောက်မှုပေးခြင်း၊ သွေးလှူရှင်များအားလုံးကလည်း ကျန်းမာပြီး အန္တရာယ် ကင်းသောလူနေမှုစရိုက်တွင် နေထိုင်ကြခြင်းတို့ဖြင့် မိမိတို့၏ ကျန်းမာသန့်စင်သော စေတနာသွေးဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ကြမည်ဖြစ်ပါသည်။

No comments: